အသရေဖျက်မှုနဲ့ The Voice ဂျာနယ်ကို သတ္တုတွင်းက တရားစွဲတော့မယ်တဲ့.................
အသရေဖျက်မှုဆိုတာ သိသလောက်ပြောရရင် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၅၀၀ ပါ။ ၂ နှစ်အထိထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊
ဒဏ်နှစ်ရပ်စလုံးဖြစ်စေ အပြစ်ပေးလို့ရပါတယ်။ အသရေဖျက်မှုဆိုတဲ့ အဓိပ္ပါယ်ကိုတော့ ပုဒ်မှ ၄၉၉ မှာဖေါ်ပြဌာန်းထားပါတယ်။
အသရေဖျက်မှုမြောက်ဖို့ အောက်ပါအချက်တွေပြည့်စုံရမှာဖြစ်ပါတယ်။
(၁) လူတစ်ဦး၊ အဖွဲ့အစည်းတစ်ခုခုကို စွတ်စွဲချက်၊ ကြေငြာချက်တစ်ခုခုပြုလုပ်ရပါမယ်။
(၂) ထိုစွတ်စွဲချက်ဟာ စွတ်စွဲခံရသူ၊ ကြေငြာခံရသူရဲ့ အသရေကိုပျက်စေရပါမယ်။
(၃) ထိုစွတ်စဲချက်ကို
(က) နှုတ်ဖြင့်ဖြစ်စေ
(ခ) စာဖြင့်ဖြစ်စေ
(ဂ) အမှတ်အသားဖြင့်ဖြစ်စေ
(ဃ) ထင်ရှားသောပုံသဏ္ဍန်ဖြင့်ဖြစ်စေ ပြုလုပ်ရပါမယ်။
(၄) တရားခံဟာသူစွတ်စွဲသူရဲ့ အသရေကို နစ်နာစေရန်အကြံဖြင့်သော်လည်းကောင်း၊
နစ်နာစေမည်ဟုသိလျှက်နှင့်သော်လည်းကောင်း၊ နစ်နာစေမည်ဟုယုံကြည်ရန် အကြောင်းရှိလျှက်နှင့်သော်လည်းကောင်း
ပြုလုပ်ခြင်းဖြစ်ရပါမယ်။
အဲဒိအချက်တွေနဲ့ ညီညွတ်ရင်အသရေဖျက်မှုမြောက်ပါတယ်။ ဒါပေမဲ့ ခြွင်းချက် ၁၀ ချက်လည်းရှိပါသေးတယ် ။
အဓိကကျတဲ့ခြွင်းချက်တွေကတော့ အထက်မှာပြောခဲ့တဲ့အချက် (၄) ချက်နဲ့ညီစွန်းနေပေမဲ့လည်း မှန်ကန်တဲ့စွတ်စွဲချက်ကို
အများပြည်သူအကျိုးအတွက် ကြေငြာခြင်း၊ ရိုက်နှိုပ်ထုတ်ဝေခြင်းဖြစ်ရင်၊ ပြည်သူ့ဝန်ထမ်းရဲ့ မလျှော်ကန်တဲ့အပြုအမူနဲ့
ပက်သက်ပြီးသဘောရိုးနဲ့ဝေဖန်ရင် ၊ အသရေဖျက်မှုမမြောက်ပါဘူး။
အပေါ်မှာရေးထားတဲ့အချက်တွေနဲ့ The Voice ရေးသားခဲ့တဲ့သတင်းကိုဆပ်စပ်ကြည့်ရင် အသရေဖျက်မှု မမြောက်ဘူးဆိုတာကို
ပြဖို့အတွက် The Voice အနေနဲ့ သူရေးသားခဲ့တဲ့အကြောင်းအရာတွေဟာ မှန်ကန်ကြောင်းနဲ့ အများပြည်သူအကျိုးအတွက်
ဂျာနယ်မှာထည့်သွင်းခြင်းဖြစ်ကြောင်း သက်သေထူဖို့လိုပါလိမ့်မယ် ဒီကိစ္စဟာ ဂျာနယ်အတွက် သိပ်ခက်လိမ့်မှာမဟုတ်ပါဘူး။
သတိထားစောင့်ကြည့်ရမှာက တရားစီရင်ရေးမဏ္ဍိုင်ပါ။ ဒီအမှုအပေါ်မှာ တရားသူကြီးရဲ့ ကိုင်တွယ်ပုံနဲ့ ချမှတ်တဲ့အမိန့်ကိုကြည့်ပြီး
မြန်မာနိုင်ငံတရားစီရင်ရေးဟာ အုပ်ချုပ်ရေးအာဏာရဲ့လောင်းရိပ်အောက်ကလွတ်ပြီလား၊ မလွတ်သေးဘူးလားဆိုတာ
ဆုံးဖြတ်နိုင်ပါလိမ့်မယ်။
တရားစီရင်ရေးလောကနေနဲ့လည်း မိမိတို့ဟာ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး မဏ္ဍိုင်တွေရဲ့ အရိပ်အောက်မှာမရှိပဲ ။
လွတ်လပ်စွာရပ်တည်နေတယ်ဆိုတာကို အများပြည်သူကိုပြသဖို့အတွက် ဒီအမှုဟာ အခွင့်အရေးတစ်ရပ်ဖြစ်ပါတယ်။
(တကယ်ပဲလွတ်ကင်းနေတယ်ဆိုရင်ပေါ့)။
လုပ်ငန်းသဘာဝအရတရားစီရင်ရေးဆိုတာ စတင်ဆောင်ရွက်သူ (အလုပ်များကိုစတင်လုပ်ပြရသူ) မဟုတ်ပါဘူး၊
မိမိဆီရောက်လာတဲ့ မှုခင်းတွေကိုသာဆုံးဖြတ်ပိုင်ခွင့်ရှိသူသာဖြစ်ပါတယ်။ သမ္မတက မြစ်ဆုံစီမံကိန်းကိုရပ်ပြခဲ့တယ်။
မီဒီယာတွေနဲ့ပက်သက်ပြီးဖြေလျှော့ခဲ့တယ်။ လွှတ်တော်ကလည်း NLD လွှတ်တော်ထဲပါနိုင်အောင်ဥပဒေတွေပြင်ဆင်ပြခဲ့တယ်။
အမတ်တွေလွတ်လွတ်လပ်လပ်ပြောဖို့ အားပေးပြခဲ့တယ်။ ဒါပေမဲ့ တရားစီရင်ရေးမဏ္ဍိုင်အနေနဲ့ သူတို့လိုလုပ်ပြစရာ
လုပ်ကွက်မျိုးမရှိခဲ့ဘူး။ လုပ်ငန်းသဘာဝကလည်း အဲလိုမျိုးလုပ်ပြဖို့အခွင့်အရေးမပေးပေဘူး။ နောက်ပြီးတော့ အရင်တုန်းကလည်း
တရားစီရင်ရေးဆိုတာကို အတိုက်ခံတွေနဲ့ မီဒီယာသမားတွေကိုနှိပ်ကွက်ဖို့လက်နက်အဖြစ်အစိုးရကသုံးခဲ့တယ်။ အဲဒါကြောင့်မှို့လဲ
မီဒီယာတွေဟာ တရားစီရင်ရေးနဲ့ပက်သက်ပြီး မကြာခဏခလုပ်တိုက်ပြောဆိုနေကြတယ်။ The Voice ဂျာနယ်ကိစ္စဟာ
တရားစီရင်ရေးမဏ္ဍိုင်အတွက် မီဒီယာတွေနဲ့ပြန်လည်သင့်မြတ်ဖို့ အခွင့်အလမ်းတစ်ခုပါ။
ဒီနေရာမှာအရေးကြီးတာတစ်ခုက မီဒီယာတွေအနေနဲ့ အမှုအကြောင်းကို တရားရုံးက အမိန့်မချခင်မှာ ဘယ်သူကတော့မှန်တယ်။
ဘယ်သူကတော့မှားတယ် စသည်ဖြင့် ဝေဖန်ရေးသားတာတွေ မလုပ်မိဖို့လိုပါတယ်။ တရားရုံးမှာ စစ်ဆေးနေတဲ့
အမှုတစ်ခုနဲ့ပက်သက်ပြီး တရားရုံးကအမိန့်မချခင်မှာ ဘယ်သူမှန်တယ်၊ ဘယ်သူမှားတယ်ဆိုတာမျိုးဝေဖန်ရေးသားတာမျိုးဟာ
အမှုကိုတရားရုံးကမဆုံးဖြတ်ခင် အများပြည်သူအမြင်တဘက်ဘက်ပါအောင်ကိုစွဲဆောင်ရေးသားတာမျိုးဖြစ်နေတဲ့ အတွက်
တရားရုံးများမထေမဲ့မြင်ပြုမှုဥပဒေ နဲ့အရေးယူခံရနိုင်တဲ့အတွက်အထူးသတိထားဖို့လိုပါတယ်။ ဒါပေမဲ့ အမှန်အမှားဝေဖန်မှုမပါပဲ
အမှုဖြစ်အကြောင်းအရာတွေ သက်သေအထောက်အထားတွေကိုတော့ လွတ်လပ်စွာတင်ပြခွင့်ရှိပါတယ်။
ပြန်ကောက်ရရင် ဒီပွဲဟာ မီဒီယာလွတ်လပ်ခွင့်အတွက် တိုက်ပွဲဖြစ်သလို တရားစီရင်ရေးမဏ္ဍိုင်ရဲ့ ကျန့်ခိုင်မှုကိုစမ်းစစ်တဲ့မှတ်ကျောက်လည်းဖြစ်ပါတယ်။
ဒုသမ္မတနဲ့အဆင့်တူလို့သတ်မှတ်ထားတဲ့ တရားသူကြီးချုပ်နဲ့ ...... သတ္တုတွင်းဝန်ကြီး
လူးလွန့်လှုပ်ရှားနေတဲ့ စတုတ္ထမဏ္ဍိုင် ........
အုပ်ချုပ်သူများရဲ့လက်ကိုင်ဒုတ်လား ........ အုပ်ချုပ်သူတွေရဲ့မတရားပြုကျင့်မှုကနေအကာကွယ်ပေးမဲ့ဒိုင်းလားဆိုတာကို
အဖြေပေးရတော့မဲ့ မြန်မာနိုင်ငံတရားစီရင်ရေး .........
မျှော်လင့်ချက်တွေနဲ့ကြည့်ရမဲ့ပွဲပါ။
နိဂုံးချုပ်ပြောလိုပါသည်။ ကျွန်တော်သည်ပွန်းဘလော့ဂါတစ်ဦးမျှသာဖြစ်ပါသည်။ သို့ရာတွင်နှာဘူးများသည်လည်း
လွတ်လပ်မှုကိုမြတ်နိုးတတ်ပါသည်။ အမှန်တရားကိုလည်းလိုလားပါသည်။ ကြားဖူးနားဝဗဟုသုတများကို စိတ်ကူးဖြင့်
ဆင်ခြင်ပုံဖေါ်ရေးသားထားသည်များဖြစ်ရာ အမှားအယွင်းရှိက ဘလော့ဂါဖြစ်သူ ကျွန်တော်နှာသခင်၏ တာဝန်သာဖြစ်ပါသည်။
နှာသခင်