ဘလော့တွင် တင်ပေးစေလိုသော ကုန်ကြမ်းများအား dotahanar@gmail.com သို့ပေးပို့နိုင်သည်။

Thursday, January 19, 2012

နိုင်ငံရေးဆုဗူးများနှင့်ကြောင်ခံတွင်းပျက် ဆက်ရက်တောင်ပံကျိုးဒီပလိုမေစီ


ရိုးရိုးသားသားပြောရရင်ကျွန်တော်ဟာ ပွန်းဘလော့ဂါတစ်ဦးမျှသာဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်စိတ်ထဲနိုင်ငံရေးနဲ့ပက်သက်ပြီး
ပြောချင်နေတာလေးတွေရှိလို့ ဒီမှာရေးလိုက်တာပါ။
အစိုးရကပြီးခဲ့တဲ့ ၁၃ ရက်နေ့က နိုင်ငံရေးအကျဉ်းသားတွေ အားလုံးနီးပါးလွှတ်ပေးလိုက်ပါတယ်။ နိုင်ငံရေးအကျဉ်းသားဆိုတာ တကယ်တော့
(ကွန်မြူနစ်တွေစကားနဲ့ပြောရရင်) နိုင်ငံရေးဆုဗူးပါပဲ။ နိုင်ငံရေးအကျိုးအမြတ်တစ်ခုခုအတွက် အလယ်အလှယ်လုပ်တဲ့ဖလှယ်ရတန်ဖိုးရှိတဲ့
လူပုဂ္ဂိုလ်တွေဆိုရင်လည်းမမှားပါဘူး။ အခုအစိုးရကဆုဗူးဖေါက်လိုက်ပြီ။ ဘာကိုလိုချင်လို့ဆုဗူးဖောက်လိုက်တာလဲဆိုရင် Sanction 
တွေဖယ်ရှားဖို့အတွက်ပါ။ ဘာပဲဖြစ်ဖြစ် သမ္မတကြီးကိုကျေးဇူးတင်ပါတယ်။ တချိန်က ထိန်းသိမ်းခံရသူတွေနိုင်ငံရေးမှာ
ပြန်လှုပ်ရှားနိုင်ပါတော့မယ်။
အမေရိကန်နဲ့ အီးယူကလည်း မကြာမီစီးပွားရေးပြန်ဖွင့်ပေးတော့မယ်ဆိုတာ တွက်ဆလို့ရပါတယ်။ တကယ်တန်းပြောရရင် မြန်မာနဲ့
အနောက်ချမ်းကအစိုးရတွေရဲ့ ဆက်ဆံရေးဟာ ကြောင်ခံတွင်းပျက်နဲ့ ဆက်ရက်တောင်ပံကျိုးနဲ့ တွေ့နေသလိုပါပဲ ။ မြန်မာအနေနဲ့ ဥရောပ
အမေရိကတို့နဲ့ စီးပွားလမ်းကြောင်းဆက်ချင်။ “စီးပွာေးရးပိတ်ဆို့တာဒို့မမှုပါ” လို့တွင်တွင်အော်နေခဲ့ပေမဲ့ စီးပွားရေးပြန်ဖွင့်ပေးဖို့ နည်းမျိုးစုံနဲ့
ကြိုးစားနေခဲ့တာပါ။ ဥရောပ၊ အမေရိကတွေရဲ့ Sanction တွေဖယ်ပေးလိုက်ရင် မြန်မာနိုင်က ပြည်သူတွေအတွက် အချိန်တိုအတွင်းမှာ
လက်တွေ့ကျကျ အကျိုးကျေးဇူးတွေရှိလာမှာဖြစ်တယ်ဆိုတာ မငြင်းနိုင်တဲ့ကိစ္စပါ။ ဒါပေမဲ့ စီးပွားရေးပြန်ဖွင့်ပေးရေးကိုဦးတည်တဲ့ ကိစ္စရပ်တွေ
အစိုးရကဘာလို့လုပ်လာလဲဆိုရင် (အစိုးရဆိုရာတွင် နအဖ နှင့် လက်ရှိအစိုးရနှစ်ခုစလုံးကိုဆိုလိုပါတယ်။) နိုင်ငံအတွင်းက ပါမစ်စီးပွားရေးနဲ့
ချမ်းသာလာသူ ခရိုနီတွေ၊ ငွေမည်းအများကြီးကိုင်ထားတဲ့ဘိန်းဘုရင်တွေနဲ့၊ မီလျှံနာ ဗိုလ်ချုပ်ကြီးတွေရဲ့တွန်းအားပေးဟာ အဓိကပါပါတယ်။
ဦးတေဇတို့လို ခရိုနီတွေဟာ နအဖ ရဲ့  အစိုးပိုင်းအပေါ်မှာ အလွန်သြဇာကြီးမားကြပါတယ်။ နအဖ အစိုးရပိုင်းမှာ သူနဲ့ကျေးဇူးခံကျေးဇူးစား
ကင်းတဲ့သူဆိုတာရှားပါတယ်။ အနောက်နိုင်ငံတွေက စီးပွားရေးပိတ်ဆို့ထားတဲ့ အတွက် ခရိုနီတွေရဲ့စီးပွားရေးဟာ
အကန့်အသတ်နဲ့ပဲဖြစ်နေတယ်။ သူတို့မှာ သုံးမကုန်လောက်အောင်ငွေကြေးတွေရှိနေတယ်ဆိုတာ မှန်ပေမဲ့ အဲဒိငွေကြေးဆိုတာ ဥရောပ၊
အမေရိကတို့က ဘီလျှံနာတွေနဲ့ယှဉ်လိုက်ရင် ပါမွှားဆိုတာ သူတို့သိတယ်။ သူတို့စီးပွားရေးအင်ပါယာတွေ ဟာ အမေရိက၊ ဥရောပ တို့ရဲ့
လုပ်ကွက်တွေမပါပဲ ဒီ့ထက်ချဲ့ထွင်လို့မရဘူးဆိုတာ သူတို့ကောင်းကောင်းသိတယ်။ သူတို့ပိုချမ်းသာချင်တယ်။
ကမ္ဘာ့ဘီလျှံနာစာရင်းမှာဝင်လိုကြတယ်။ အဲဒါကြောင့် နအဖ ကို အပြောင်းအလဲတစ်ခုအတွက် တွန်းအားပေးတယ်။ နောက်ပြီး
အကြောင်းကြောင်းကြောင့် အလွန်ချမ်းသာလာတဲ့ မီလျှံနာဗိုလ်ချုပ်ကြီးတွေနဲ့ သူတို့မိသားစုတွေရဲ့ စီးပွားရေးအင်ပါယာတွေကလည်း ဥရောပ၊
အမေရိကတို့မပါပဲ ထပ်ချဲ့ထွင်လို့မလွယ်ဘူး၊ ပိတ်ဆို့နေပြီဆိုတာ ကောင်းကောင်းသဘောပေါက်လာတယ်။ အဲဒါကြောင့် နအဖ ဟာ
သဘောထားပျော့ပြောင်းတဲ့၊ နာမည်ပျက်သိပ်မရှိတဲ့ ဦးသိန်းစိန်ကို သမ္မတတင်ပြီး ပြုပြင်ပြောင်းလဲရေးတွေလုပ်လာတာပါ။
အမေရိကန်အနေနဲ့ကလည်း မြန်မာနိုင်ငံနဲ့ စီးပွားကုန်သွယ်မှုလုပ်ချင်ပါတယ်။ သူတို့အဓိကလိုချင်တာက မြန်မာနိုင်ငံကရမဲ့
စီးပွာရေးအကျိုးအမြတ်ထက် အာရှမှာ ပထဝီဝင်နိုင်ငံရေးအရ အရေးပါတဲ့ မြန်မာစိုးရနဲ့ ပလဲပနံသင့်ချင်တာပါ။ အားလုံးသိကြတဲ့အတိုင်းပါပဲ
မြန်မာနိုင်ငံဟာ အရှိန်အဟုန်တစ်ခုနဲ့ လူဦးရေကော စီးပွာရေးကော တိုးတက်လာနေတဲ့ Giant ကြီးတွေဖြစ်တဲ့ တရုတ်နဲ့
အိန္ဒိယကြားမှာရှိပါတယ်။ တရုတ်နိုင်ငံဟာ မြန်မာအစိုးရအပေါ်ကို အတော်လေးသြဇာလွှမ်းမိုးပါတယ် ဒီ့ထက်ပိုမိုသြဇာလွှမ်းမိုးပြီး
မြန်မာနိုင်ငံကို တရုတ်ရဲ့ အနောက်ဖက်ပင်လယ်ထွက်ပေါက်အဖြစ် အသုံးပြုမဲ့ကိစ္စကိုလည်း အမေရိကန်က အမြဲစိုးရိမ်နေပါတယ်။ 
အကျယ်ချုပ်ကျဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံရေးအကျဉ်းသား၊ စစ်အာဏာရှင် စတဲ့အတားအဆီးတွေဟာ
အမေရိကန်နဲ့မြန်မာကြားစီးခြားထားခဲ့ပါတယ်။ ဒီစည်းတွေရှိနေတဲ့ကြားက မြန်မာနဲ့ ပရောပရီလုပ်မယ်ဆိုရင်လည်း ကမ္ဘာ့အခြားနေရာတွေမှာ
သူလုပ်နေတဲ့ ဒီမိုကရေစီဆိုင်ရာကြားဝင်စွက်ဖက်မှုတွေကို အနှောက်အယှက်ဖြစ်စေနိုင်တယ်။ အဲဒါကြောင့် စောင့်ကြည့်နေခဲ့ရတာပါ။
အဲဒါကြောင့် မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးအလင်းရောင်မှိန်မှိန်လေးတွေ့ရတာနဲ့တင် ချက်ချင်းနိုင်ငံခြားရေးဝန်ကြီးကိုလွှတ်လိုက်တာပါ။
ကျွန်တော့်အမြင်ပြောရရင် ပြောင်းလဲလာမယ့်အပြောင်းအလဲကို အမေရိကန်ဆန်ဆန်ပြောင်းလာအောင် လက်ဦးမှုရယူလိုက်တာပါ။
ဘာလို့လဲဆိုရင် တရုတ်အနေနဲ့လည်း  မြန်မာ့နိုင်ငံရေးအပြောင်းအလဲမှာ သူ့သြဇာကပ်ပါလာအောင် တနည်းနည်းကြိုးစားမယ်ဆိုတာ
သိတဲ့အတွက် အခုလိုလုပ်လိုက်တာပါ။ တကယ်လဲအမေရိကန်လက်ဦးသွားပါတယ်ဆိုတာ အခုနောက်ပိုင်းဖြစ်နေတဲ့ အပြောင်းအလဲတွေနဲ့
အပြောင်းအလဲတွေရဲ့ ဦးတည်ရာတွေကိုကြည့်ရင်သိနိုင်ပါတယ်။
ကြောင်ခံတွင်းပျက်နဲ့ ဆက်ရက်တောင်ပံကျိုးတွေ့ကြပါပြီ။ ဦးသိန်းစိန်အစိုးရက Sanction Lift ကို နိုင်ငံရေးဆုဗူးဖေါက်လို့
ဝယ်ဖို့ကမ်းလှမ်းထားပါပြီး၊ အမေရိကန်အနေနဲ့လည်း မဆွတ်ခင်ကတည်းကညွှန်ချင်နေသူမှို့ဝယ်တော့မှာပါ။ အမေရိကန်ပြောနေတဲ့
မြောက်ကိုရီယားနဲ့ အဆက်အသွယ်ဖျက်ဖို့တို့၊ တိုင်းရင်းသားအရေးတို့ဆိုတာ အသေးအမွားတွေပါ။ မြောက်ကိုရီးယားနဲ့
အဆက်အသွယ်ဖျက်ဖို့ဆိုတဲ့စကားဟာ မြန်မာအတွက်ပြောတာမဟုတ်ဘူး၊ မြောက်ကိုရီးယားကိုခြိမ်းခြောက်တာပါ။
တကယ်မြောက်ကိုရီးယားနဲ့အဆက်အသွယ်ဖျက်စေချင်ရင် မြောက်ကိုရီးယားထက်ပိုအဆင့်မြင့်တဲ့ လက်နက်တွေကို
သူ့ထက်သက်သာတဲ့နှုံးနဲ့ရောင်းပေး မယ်ဆိုရင် ဒီကိစ္စပြီးပါတယ်။ တိုင်းရင်းသားအရေးဆိုတာမျိုးကလည်း ဘယ်အဆင့်လောက်ဆိုရင်
မြန်မာအစိုးရနဲ့ငြိမ်းချမ်းရေးအပေးအယူလုပ်လို့ရတယ်။ ဘယ်အတိုင်းအတာအထိရောက်ရင် ငြိမ်းချမ်ရေးယူလိုက်တော့ရယ်လို့ CIA အေးဂျင့်
တွေကနေတဆင့် လုပ်ယူလို့ရပါတယ်။
နိဂုံးချုပ်အနေနဲ့ ပြောရရင် ကျွန်တော်ဟာ ပွန်းဘလော့ဂါတစ်ဦမျှသာဖြစ်ပါတယ်။ ကျွန်တော်သုံးသပ်မိသရွေ့မြန်မာ့နိုင်ငံရေးအကြောင်း
နည်းနည်း ဝင်ရောက်တို့ထိခြင်းမျှသာဖြစ်ပါတယ်။ နောက်အလျှင်းသင့်တဲ့အခါများမှာ ကြားဖြစ်ရွေးကောက်ပွဲနဲ့ အပြောင်းအလဲလိုလားသူတွေရဲ့
စိုးရိမ်စိတ်များအကြောင်း နည်းနည်းရေးပါဦးမယ်။

နှာသခင်

No comments:

Post a Comment

Note: Only a member of this blog may post a comment.

Related Posts Plugin for WordPress, Blogger...